တော်လှန်ရေး ကတိမတည် တဲ့ NUG ကာချုပ် ဦးရည်မွန် အကြောင်း ဗိုလ်နဂါး လူမှုကွန်ရက်က ဖွင့်ချ

NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထံ ကတိအတိုင်း လက်နက်တပ်ဆင်ပေးရန် ယနေ့ မေလ ၈ ရက်နေ့နံနက်ပိုင်းတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်၏ ခေါင်းဆောင် ဗိုလ်နဂါးက တောင်းဆိုမှုပြုလုပ်ခဲ့သည်။ လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၎င်းတို့၏ ဒေသအား ဦးတည်၍ ချေမှုန်းနိုင်ရေးထိုးစစ်ပြင်ဆင်စတင်နေသည့် အနေအထားတစ်ခု ရင်ဆိုင်နေရချိန်လည်းဖြစ်သည်ဟုလည်း အသိပေးထားသည်။

အစောပိုင်း NUG ဝန်ကြီး ဦးရည်မွန်နှင့် ဗိုလ်နဂါးတို့ တွေ့ဆုံဆွေးနွေးမှုတစ်ခုတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်အား ဝန်ကြီးဘက်မှ တစ်လအတွင်း လက်နက်တရင်းစာ တပ်ဆင်ခြင်းကို တစ်လအတွင်း ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့ဖူးသည်။ အဆိုပါတွေ့ဆုံမှု နေ့ရက်မှာ ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့ဖြစ်ပြီး ယင်းမှစ၍ ရေအတွင်လျှင် ယခုတွင် နှစ်လပြည့်မြောက်ရန် ၅ ရက်သာ လိုတော့ခြင်းဖြစ်သည်။

ထို့ကြောင့် “၁၃.၃.၂၀၂၂ ရက်နေ့ ဝန်ကြီးဦးရည်မွန်နှင့် ကျွန်န်ုပ်တို့ တွေ့ဆုံဆွေးနွေးစဉ်က (MRDA) ၏ စာရင်းသွင်းတပ်ရင်းများအားလုံး တပ်ဆင်ဖို့ရန် မဖြစ်နိုင်သော်လည်း တရင်းစာတပ်ဆင်ခြင်းကိုမူ ထိုနေ့မှစ၍ တလအတွင်း တပ်ဆင်ပေးမည်ဟု ကတိပေးထားသည့်အတိုင်း အမြန်ဆုံးတာဝန်ယူတပ်ဆင်ပေးရန် လေးစားစွာတင်ပြတောင်းဆိုအပ်ပါသည်”ဟု ဗိုလ်နဂါး၏ လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာတွင် တရားဝင် ဖော်ပြအသိပေးခဲ့သည်။ မြန်မာ့တော်ဝင်နဂါးတပ်တော်သည် NUG အစိုးရဖွဲ့စည်းပြီးနောက် MOD တွင်တပ်ရင်းတပ်ဖွဲ့များ စနစ်တကျ ပေးသွင်း၍ အသိအမှတ်ပြုပူးပေါင်းပါခဲ့သည့် တပ်တော်ဖြစ်သည်။

ယင်းထုတ်ပြန်တောင်းဆိုချက် ထုတ်ပြန်ပြီးခဏအကြာတွင် ပို့စ်အားပြန်လည်ဖျက်သွားခဲ့ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA-Yangon Page တွင် ဆက်လက် အသိပေးထားဆဲဖြစ်သည်။